|
ဝိပဿနာ ဘာဝနာ
အဓိပ္ပယ်
(၁)
ဝိပဿနာ ဘာဝနာအဓိပ္ပယ်
(၂)
ဝိပဿနာ ဘာဝနာ
ဘာကြောင့်အားထုတ်သင့်သလဲ
ဝိပဿနာ ဘာဝနာအဓိပ္ပယ်
ဝိပဿနာဘာဝနာ အဓိပ္ပာယ် ကို ရှင်းလင်းတင်ပြပါမယ်။ ၀ိ ဆိုသည်မှာ
များပြားလှစွာသော သတိပဋ္ဌာန်တရား(၄)ပါးတို့ဖြင့်၊ ပဿနာ-ဉာဏ်ဖြင့်
ရုပ်နာမ်တို့အား ရှုမှတ်ခြင်း၊ ဘာဝနာ -ပွားများတိုးပွားခြင်းလို့
အဓိပ္ပာယ်ရပါတယ်။ လူဖြစ်ပေမယ့်
ဘာဝနာမပွားများနိုင်ရင် လူဖြစ်ရကျိုး မနပ်ဘဲဘာဝနာ သွားပါတယ်။
ဒီတော့ ဘာဝမနာချင်ရင် တရားဘာဝနာကို ရှုမှတ်အားထုတ်ဖို့ လိုအပ်ပါတယ်။
အဲဒီလိုတရားဘာဝနာကို ယှဉ်တွဲသူ ရှုမှတ်သူအား ထုတ်တဲ့သူကို
'ယောဂီ'လို့ခေါ်ပါတယ်။
တရားဘာဝနာကိုယှဉ်တွဲအားထုတ်မရှုမှတ်နိုင်တဲ့သူတွေကိုတော့
'ယ'နဲ့ယောတဲ့နေရာမှာ 'ရ'နဲ့ ရောလိုက်တဲ့ အတွက် 'ရောဂီ'
ဖြစ်သွားမှာပါ။ ရောဂီဆိုတာကတော့ အနာရောဂါထူထပ်ပေါများသူ၊
ကိလေသာအညစ်အကြေးများနဲ့ ထူထပ်ပေါများသူ၊ ရပ်ကွက် ထဲမှာဆို
သားနဲ့ရူး၊ မယားနဲ့ရူး၊ ဥစ္စာနဲ့ရူးနေတဲ့ ရောဂါသည်တွေကို
ရောဂီလို့ခေါ်ပါတယ်။ ရောဂီမဖြစ်ချင်ရင်တော့
တရားအားထုတ်ဖို့လိုအပ်ပါတယ်။
တရားထိုင်တယ်ဆိုတာကလည်းဘုရားစင်ရှေ့မှာထိုင်ပြီး၊
မလှုပ်မယှက်မျက်စိမှိတ်ထိုင်နေရင် လူထိုင်တာပဲဖြစ်ပါတယ်။
တရားထိုင်တယ်လို့မခေါ် ပါဘူး။ ၀င်လေ၊ ထွက်လေကို စမှတ်ပြီး
ရှုနေရင်လည်း သမာဓိထူထောင်တာပဲ ရှိပါသေးတယ်။ ခန္ဓာငါးပါး၊
ရုပ်နာမ်နှစ်ပါးကို မဂ္ဂင်ငါးပါးဖြစ်တဲ့ သမာဓိမဂ္ဂင်နဲ့ ပညာမဂ္ဂင်နဲ့
ရှုမှတ်ပြီး ၀ိပဿနာသတိကပ်လိုက်မှသာ ၀ိပဿနာတရားထိုင်တာ ဖြစ်ပါတယ်။
ဒါကြောင့်
ရှုတာသည် သမာဓိ၊
ရှုတာက ဉာဏ် / ရှုတာသည် သမထ၊
ရှုတာက
ဝိပဿနာ စသည်ဖြင့် နားလည်ဖို့လိုပါတယ်။ အဲဒီလို
နေ့စဉ်အချိန်နာရီတွေ သတ်မှတ်ပြီး တရားထိုင်ဖို့
အချိန်နေရာမပေး နိုင်တဲ့ သူတွေကလည်း 'နေ့စဉ်'ဆိုတဲ့'နေ့'အောက်က၊
အေက်ကမြစ်ကိုဖြုတ်လိုက်ရင် 'နေစဉ်'ဆိုတဲ့အချိန် (သွား၊ ရပ်၊ ထိုင်၊
လျှောင်း၊ မြင်၊ စား၊ ရေချိုး ....)စသည်ဖြင့် လုပ်ဆောင်မှုတိုင်း
ဝိပဿနာသတိဖြင့် ရှုမှတ်နေရင် နေ့စဉ်လုပ်ဆောင်နေတဲ့သူထက်
ပိုပြီးတရားရမှာ ဖြစ်ပါတယ်။
ဝိပဿနာသတိကပ်ဖို့ ၀ိပဿနာရှုမှတ်တော့မယ်ဆိုရင် နယ်ကြီးနှစ်နယ်ကို
ခွဲခြားနားလည်ရပါမယ်။
"ပညတ်-ပရမတ်နှစ်ခုစပ် သိတတ်သူမှမြတ်"
ဆိုသလို ပညတ်ပရမတ်နှစ်ခုစလုံးကို နားလည်ထားဖို့လိုပါတယ်။ ဒီဘက်က
ပညတ်နယ်နဲ့ ဟိုဘက်က ပရမတ်နယ်ရှိပါတယ်။ ပညတ် ဆိုတာ
-လောကကြီး(၃)ပါးကို ခေါ်ဝေါ်သတ်မှတ်ထားတဲ့ မရှိတရား၊ မမှန်တရား
တွေပါပဲ။ ပရမတ် ဆိုတာကတော့ သဘောတရား၊ အရှိတရား၊ အမှန်တရား၊
တွေပါပဲ၊ ပညတ်က ကိုင်တွယ်၍ရတယ်၊ ပရမတ်က ကိုင်တွယ်၍မရ။ ပညတ်က
ပုံသဏ္ဌာန်၊ အရောင်အဆင်း၊ ဇီဝသတ္တ၀ါမရှိ၊ နေရာညွှန်ပြလို့မရ။
ပညတ်ကသာမန်သိ၊ ပရမတ်က ဉာဏ်ဖြင့်သိ။ ပညတ်ကပုံ၊ ပရမတ်ကဂုဏ်။
ပညတ်ကသဏ္ဌာန်၊ ပရမတ်က အမှန်။ ပညတ်ကအကာ၊ ပရမတ်က အနှစ်။ ပညတ်က အတု၊
ပရမတ်က အစစ်။ ပညတ်ကအပူ၊ ပရမတ်က အငြိမ်းစသည်ဖြင့်
သိဖို့လိုအပ်ပါတယ်။
ပညတ်နယ်ထဲက လောကကြီး(၃)ပါးကတော့ - (၁) သတ္တလောက၊ (၂)သြကာသလောက၊ (၃)
သင်္ခါရလောက တို့ဖြစ်ပါတယ်။
အသက်ရှိတဲ့ သတ္တ၀ါအားလုံးကို
သတ္တလောကလို့ခေါ်ပါတယ်။ သြကာသလောကဆိုသည်မှာ သတ္တ၀ါအားလုံး
မှီတင်းနေထိုင်ရာ .. ရေ၊ မြေ၊ တော၊ တောင်၊ သမုဒ္ဒရာ၊ ပင်လယ်၊ အိမ်၊
ကားစသည့် ဒြပ်ဝတ္ထုများပါဝင်ပြီး သင်္ခါရလောကကတော့သတ္တလောကနဲ့
သြကာသလောကနှစ်မျိုးကို
စက္ကန့်မလပ် ပြုပြင်စီ ရင်ပေးနေ သောဖြစ်ပျက်မှုအစဉ်
ဖြစ်ပါတယ်။ ကျွန်တော်တို့ လူသားတွေဟာ လောကကြီး(၃)ပါးထဲမှာ
နေထိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတွေဟာ သတ္တ၀ါဖြစ်တဲ့တွက်
သတ္တလောက၊ လူ့ခန္ဓာကိုယ်အတွင်းမှာပိုးမျိုး(၈၀)၊ အကောင်အရေအတွက်ကတော့
အများကြီးရှိပါတယ်။ အဲဒီပိုးတွေ ကလည်း သူတို့နေထိုင်တဲ့
အဆောက်အအုံကြီး၊ သူတို့မွေးဖွားပေါက်ဖွားရာ သားဖွားဆေးရုံကြီး၊
သူတို့သေဆုံးရာသင်္ချိုင်းကြီးဆိုတော့ သြကာသလော က၊ နောက်ပြီး
ကျွန်တော်တို့က ပြုပြင်စီရင်မှုခံနေရတဲ့ဖြစ်ပျက်မှုအစဉ်ကြီးဆိုတော့
သင်္ခါရလောကထဲမှာနေပါတယ်။ ဘာလို့လဲဆို
ကျွန်တော်တို့ငယ်ရွယ် စဉ်အချိန်ကိုပြန်မရနိုင်တော့ဘူး။ ငယ်စဉ်တုန်းက
ကျွန်တော့်ကို မောင်ထင်အောင်ကျော် လို့ ခေါ်ပါတယ်။ နောက်တော့
ကိုထင်အောင်ကျော်၊ အခုဆို ဦးထင်အောင်ကျော်၊ ဦးလေး၊ အန်ကယ်လို့
ခေါ်ကုန်ကြပြီ။
ကျွန်တော်ခေါ်ခိုင်းတာ မဟုတ်ဘူး၊ ကျွန်တော်ဖြစ်ချင်တာမဟုတ်ဘူး။
သူ့ရဲ့သင်္ခါရသဘောအရ ပြုပြင်စီရင်မှုကို ခံရလို့ဖြစ်ပါတယ်။
နောင်အနှစ်(၃၀)လောက်ဆိုရင် ဆံဖြူသွားကျိုး၊ ခါးလည်းကုန်းရောဘဘကြီး၊
ဘိုးဘိုးကြီးလို့ ခေါ်လာကြဦးမယ်။ ဒီလိုပြုပြင်စီရင်မှုကို
ခံလာရတဲ့အတွက် သင်္ခါရလောကထဲမှာ ပါဝင်နေပြန်တယ်။
အဲဒီလောကကြီး(၃)ပါးဖြစ်တဲ့ ပညတ်နယ်ကို ခင်မင်တွယ်နေမယ်ဆိုရင်တော့
သံသရာမှာမျောနေဦးမှာဘဲ။ ပညတ်နယ်ပယ်ခင်မင်တွယ် အကန်းမျက်စိလည်သလိုဖြစ်နေဦးမယ်။ ဒါကြောင့်ပရမတ်ကို နားလည်သင့်ပါတယ်။
ပရမတ်နယ်မှာ စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန် တို့ဖြစ်ပါတယ်။ စိတ်၊
စေတသိက်၊ ရုပ် သည် အရှုခံ ဖြစ်ပြီး နိဗ္ဗာန်က
မျက်မှောက်ပြုရမှာဖြစ်ပါတယ်။ ပညတ်နှင့်
ပရမတ်နယ်ကိုစပ်ပြီးရှုမှတ်ရမှာဖြစ်ပါတယ်။ ရှုမှတ်တဲ့အခါ စိတ်၊
စေတသိက်၊ ရုပ်တို့အား ခန္ဓာငါးပါးအဖြစ် ခွဲခြားပြလို့ရပါတယ်။
စိတ်သည် သိမှုသဘော၊ စေတသိက်သည် စိတ်ကိုမှီတွယ်ခြယ်လှယ်နေသည်။
စိတ်နှင့် စေတသိက်ပေါင်းလျှင် နာမ်၊ ဒါကြောင့် အရှုခံက ရုပ်နဲ့နာမ်၊
ရှုမှတ်ရမည့်နည်းမှာ သတိပဋ္ဌာန်(၄)ပါး၊ ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မ
မည်သည့်လမ်းနဲ့ပဲ ကျင့်ကျင့် လမ်းဆုံးရင်
နိဗ္ဗာန်ကိုမျက်မျောက်ပြုမှာဖြစ်ပါတယ်။
တစ်ခါတည်းနဲ့တော့ နိဗ္ဗာန်ကိုမျက်မှောက်ပြုမှာမဟုတ်ဘူးနော်။
ဘယ်အချိန်မှာ မျက်မှောက်ပြုသလဲဆိုတော့ ကိုယ့်ဘက်က ပြည့်စုံအောင်
လုပ်ထားရမှာ(၄)မျိုးရှိပါတယ်။ အရှုခံမှန်ရမယ်၊ ရှုဉာဏ်မှန်ရမယ်၊
သတိကဗိုလ်ဖြစ်ရမယ်၊နှလုံးသွင်းမှန်တာတောင်
အချိန်ရောက်ပြီးပါရမီပြည့်မှ မဂ်ကျပြီးဖိုလ်ဝင်စား၊
ဖိုလ်ဝင်စားပြီး နိဗ္ဗာန်မျက်မှောက်ပြုမှာ ဖြစ်ပါတယ်။
ဥပမာ-စာမေးပွဲဖြေသလိုပါပဲ၊
စာမေးပွဲမှာ ပြည့်စုံအောင် ဖြေပေးရမှာက
ကိုယ့်တာဝန်၊ ဆရာဆရာမတွေ စိစစ်ဖို့အချိန်စောင့်ပေးရမယ်။
အချိန်ရောက်ရင် အောင်စာရင်းထွက်မှ အောင်မှာဖြစ်ပါတယ်။
|