www.theravada-3p.org


 Home

 
About Us

 
Vipassana

 
Knowledge


Forum


Contact Us 

 

 


အပါယ်ပိတ် တရား


ဓမ္မ ၏ ပင်ကိုယ်သတ္တိ

အပါယ်သို့ ကျရောက်ပုံ

လူ့ဘ၀ရခဲခြင်းနှင့် သံသရာ ရှည်လှပုံ

ဝိပဿနာ အဓိပ္ပါယ်

ဝိပဿနာ ကို ဘာကြောင့်အားထုတ်သင့်သလဲ

အပါယ်ပိတ်အောင် ကြိုးစားကြဖို့ တိုက်တွန်းခြင်း

အရိယာပုဂ္ဂိုလ် ဖြစ်ပုံ

ပညတ် ပရမတ်(ပရမတ္ထ)

အပါယ်ပိတ်တရား ( Video )

無幸処(悪趣)の門を閉じる法 

 


ဗုဒ္ဓသာသနာတော်သည် သန့်  ရှင်းပါမှ

တည်
  တံ့ပြီး
တည်တံ့ပြီးမှ သာလျှင်

ပြန့်  ပွား  နိုင်မည်။

အပါယ်ပိတ် တရား
 

လူ့ဘ၀ရခဲခြင်းနှင့်သံသရာရှည်လှပုံ

ဘုရားရှင်ကိုယ်တော်မြတ်ကြီးက လူ့ဘ၀ရခဲခြင်းကို ဒုလ္လဘတရားငါးပါး ဖြင့် ဆုံးမတော်မူခဲ့သည်။
(၁) ဘုရားနှင့်မီဖို့၊ ဘုရားရှင်၏သာသနာတော်အတွင်း ကျရောက်ဖို့ ခဲယဉ်းခြင်း၊
(၂) သူတော်ကောင်းတရားကိုကြားနာဖို့၊ ထောင်နိုင်သော နားရှိဖို့ လွန်စွာခဲယဉ်းခြင်း၊
(၃) လူသားအဖြစ်ရဖို့ ခဲယဉ်းခြင်း၊
(၄) ယုံကြည်ထိုက်သော တရားများကို ယုံဖို့ခဲယဉ်းခြင်း၊ မယုံကြည်ထိုက်သော အမွေတွေကို ယုံဖို့ လွယ်ကူခြင်း၊
(၅) ရဟန်းအကျင့်ကိုကျင့်ဖို့ ခဲယဉ်းခြင်း။


ယနေ့ကြွရောက်လာသော မိဘဆွေမျိုးအားလုံးတို့သည် အင်မတန် ကံကောင်းလှသည့် လူသားများ ဖြစ်သည်။ မြန်မာနိုင်ငံသည် ထေရ၀ါဒနိုင်ငံတို့၏ အထွဋ်အထိပ်ဖြစ်ပြီး အများစုမှာ ဗုဒ္ဓသာသနာဝင် မိသားစုများမှ မွေးဖွားလာသည့်အပြင် ၀ိပဿနာတရားနှင့်လည်း အလှမ်းမဝေးပေ။ ဉာဏ်ကြီးလှပြီး အာရုံခြောက်ပါး စလုံးလည်း ကောင်းမွန်သည့် ပုဂ္ဂိုလ်များဖြစ်သည်။ ရခဲလှသည့် လူ့ဘ၀မှာ အခွင့်အရေးများ အပြည့်အ၀ ပိုင်ဆိုင် ထားကြသည်။

လူ့ဘ၀တန်ဖိုးကိုသိရန် ဘုရားရှင်က နခသိခ (လက်သည်းခွံ) သုတ္တန်တွင် ဟောကြားခဲ့သည်။ တစ်နေ့ တွင် ဘုရားရှင်က မြေမှုန့်တစ်ဆုပ် ကိုကျုံး၍ လက်သည်းခွံပေါ်မှာတင်ပြီး နောက်လိုက်ရဟန်းများကိုမေးသည်။ "ငါ၏လက်သည်းခွံပေါ်က မြေမှုန့်နှင့် ဤမဟာပထ၀ီမြေကြီး (ကမ္ဘာကြီး)မှ မြေမှုန့်၊ မည်သည့်မြေမှုန့်က များသနည်း" လို့ မေးသည့်အခါ နောက်လိုက်ရဟန်းများက "တုနှိုင်းလို့မရပါဘုရား"လို့ ဖြေကြသည်။ ဘုရားရှင်က မိန့်ကြားသည်မှာ "အသင်တို့တွေ့သော ငါ၏လက်သည်းခွံပေါ်တွင်ရှိသည့် မြေမှုန့်မျှလောက်သာလျှင် လူ၊ နတ်၊ ဗြဟ္မာတို့အားလုံး စုတေ၊ ကွယ်လွန်သွားလျှင် လူ၊ နတ်၊ ဗြဟ္မာပြန်ဖြစ်သည်။ ကျန်သည့် ဤမဟာပထ၀ီ မြေကြီး အပြည့်ရှိသော မြေမှုန့်အားလုံးလောက်က အပါယ်သို့ကျကြသည်"ဟု ဆုံးမတော်မူခဲ့သည်။ ၀ိပဿနာ မလုပ်သေးသည့်ပုဂ္ဂိုလ်မှန်သမျှ အပါယ်ဆင်းမှာ သေချာလှသည်။

အပါယ်ကျလျှင် သုဂတိဘုံ ပြန်ရောက်ဖို့ ခက်ခဲကြောင်းကို ကာဏကစ္ဆပသုတ္တန် (လိပ်ကန်းသုတ္တန်) တွင် ဆုံးမတော်မူခဲ့သည်။ အပြောကျယ်သည့် သမုဒ္ဒရာ၏ ကြမ်းခင်းပေါ်မှာ မျက်လုံးကန်းနေသည့် လိပ်ကြီး တစ်ကောင် သွားချင်ရာသွားနေပြီး သမုဒ္ဒရာရေမျက်နှာပြင်ပေါ်မှာလည်း လှည်းထမ်းပိုးတုံး တစ်တုံး မျောချင်ရာ မျောနေသည်။ ၎င်းထမ်းပိုးတုံးတွင် အပေါက်ကလေး တစ်ပေါက်ပါသည်။ ထိုအပေါက်မှာ လိပ်ကန်း၏ ဦးခေါင်းနှင့် စွပ်ရုံလောက် သာရှိသည်။ ထိုလိပ်ကန်းမှာ နှစ်တစ်ရာကြာမှ ရေမျက်နှာပြင်ပေါ် တစ်ကြိမ်ပေါ်သည်။ ဘုရားရှင်က နောက်လိုက်ရဟန်းများကိုမေးသည်။"သွားချင်သလို သွားနေသည့် လိပ်ကန်း၏ဦးခေါင်းနှင့် မျောချင် သလိုမျောနေသည့် လှည်းထမ်းပိုးတုံး၏ အပေါက်တို့စွပ်သွားရန် လွယ်ပါ့မလား" လို့မေးသည့်အခါ "မည်သို့မျှမဖြစ်နိုင်ပါဘုရား"ဟု နောက်လိုက်ရဟန်းများက ဖြေသည်။

လိပ်ကန်းနောက်မှာ လှည်းထမ်းပိုးတုံးကြီးကို လူကိုယ်တိုင်လိုက်စွပ်လျှင်တောင် ဖြစ်နိုင်ချေမရှိပေ။ ဘုရားရှင်က ဆုံးမတော်မူခဲ့သည်မှာ "လိပ်ကန်းကလည်း ကမ္ဘာတည်သရွေ့ အသက်ရှည်ပြီး ထမ်းပိုးတုံးကလည်း မဆွေးဘဲဆက်လက် တည်ရှိနေခဲ့လျှင် ကံကောင်းထောက်မလွန်းစွာဖြင့် စွပ်ချင်လျှင် စွပ်သွားလိမ့်မယ်၊ အပါယ်သို့ ကျပြီးသော လူ၊ နတ်၊ ဗြဟ္မာအားလုံး လူ၊ နတ်၊ ဗြဟ္မာပြန်ဖြစ်ဖို့ရာ အဆပေါင်းရာထောင်မက ခဲယဉ်းလှပေသည်" ဟု ဆုံးမ တော်မူခဲ့သည်။

ဘုရားရှင်က ရှည်လျားလွန်းလှသည့် သံသရာကြီးအကြောင်းကိုလည်း ဟောကြားတော်မူခဲ့ပါသည်။ သံသရာသည် ကမ္ဘာပေါင်း မြောက်မြားစွာ ကြာမြင့် လှပေသည်။ တစ်ကမ္ဘာတွင် မြောက်မြားစွာ ကြာမြင့်လှပေသည်။ တစ်ကမ္ဘာတွင် ကပ်ကြီးလေးကပ်ရှိသည်။ အာယုကပ်၊ အန္တရကပ်၊ အသင်္ချေယျကပ်၊ မဟာကပ် တို့ဖြစ်သည်။ မရေမတွက်နိုင်အောင်သော ရှည်လျားလှသည့် သက်တမ်းကစပြီး အနှစ်တစ်ရာကြာတိုင်း တစ်နှစ် လျော့လာခြင်းဖြစ်ရာမှ ဂေါတမဘုရားရှင် ပွင့်တော်မူချိန်မှာ အနှစ်တစ်ရာ နေနိုင်သောသက်တမ်းဖြစ်သည်။ အနှစ်တစ်ရာကြာတိုင်း တစ်နှစ်လျော့လာ၍ ဘုရားပရိနိဗ္ဗာန်စံပြီး သာသနာသက္ကရာဇ်(၂၅၄၉)နှစ်ကျော်ရှိ လာသော ယခုခေတ် သက်တမ်းသည် "ခုနှစ်ဆယ်လေးနှစ် ကျော်ကျော်" ဖြစ်သည်။ အနိမ့်ဆုံးမှာ ဆယ်နှစ်တန်း မှာဆုံးသည်။ ထိုသို့ ကျဆင်းလာခြင်းကို "ဆုတ်ကပ်"ဟုခေါ်သည်။ သက်တမ်း ဆုတ်လာခြင်းဖြစ်ပြီး သာသနာ ဆုတ်လာခြင်း မဟုတ်ပေ။ ယနေ့ခေတ် လူအများမှာ သာသနာဆုတ်သည်ဟု မှားယွင်းစွာပြောဆိုနေကြသည်။ ယနေ့ခေတ်သည် ၀ိမုတ္တိခေတ် သာသနာနှစ်(၂၅၀၀)ကျော်လျှင် အနတ္တသာသနာတစ်ပတ်ပြန်လည်လာသည့် "ကာလ၀ိမုတ္တိယုဂ ခေတ်ကြီး" ဖြစ်သည်။

သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်များ လက်ညိုးထိုးမလွဲ၊ ရဟန္တာကြီးများ တဗြောင်းဗြောင်းပွင့်ရမည့် ခေတ်ဖြစ်သည်။ (၄၉)နှစ်ပင် ကျော်လာပြီးဖြစ် သည်။ ထေရ၀ါဒ ဗုဒ္ဓသာသနာဝင်များ၏ နှုတ်ဖျားမှာ "သာသနာ ဆုတ်ကပ်"လို့ မပြောသင့်ပေ။ လူ့သက်တမ်း ဆယ်နှစ်အထိ ဆုတ်ပြီးသောအခါ အနှစ်တစ်ရာကြာတိုင်း နှစ်ဆ ပြန်တက်သည်။ မရေတွက်နိုင်သည့် သက်တမ်းအထိ ပြန်တက်လာခြင်းကို "တက်ကပ်"ဟုခေါ်သည်။ ထိုသို့ ဆုတ်လာ သည့်ကပ်နှင့် တက်လာသည့်ကပ်ကို "အာယုကပ်"ဟုခေါ်သည်။ အာယုကပ်၏ အတက်နှင့်အဆင်း တစ်ကြိမ်ကို အန္တရကပ်ဟုခေါ်သည်။ အန္တရကပ်ပေါင်း (၆၄)ကြိမ်ကို "အသင်္ချေယျကပ်"ဟုခေါ်သည်။ အသင်္ချေရကပ် လေးကပ်၊ လေးကြိမ်ပေါင်းထားခြင်းကို မဟာကပ်(တစ်ကမ္ဘာ)ဟု ခေါ်ပါသည်။ အသင်္ချေယျကပ် လေးကပ်မှာ -
(၁) သံဝဋ္ဋကပ်(ကမ္ဘာပျက်ဆဲကာလ)
(၂) သံဝဋ္ဋဌာယီကပ် (ပျက်ပြီးတည်နေဆဲကာလ)
(၃) ၀ိဝဋ္ဋကပ် (ကမ္ဘာပြန်လည်ဖြစ်လာဆဲကာလ)
(၄) ၀ိဝဋ္ဋဌာယီကပ် (ကမ္ဘာဖြစ်လာပြီးတည်နေဆဲကာလ)
အသင်္ချေယျကပ်လေးကပ်ကို တစ်ကမ္ဘာ (မဟာကပ်တစ်ခု)ဟုခေါ်သည်။ ထို့ကြောင့် တစ်ကမ္ဘာတွင် ရေတွက်၍ မရနိုင်အောင် ကြာမြင့်လှပါသည်။ အပါယ်သို့ရောက် သွားလျှင် သုဂတိဘုံ ပြန်ရောက်ရန် ကြာမြင့်လှ ပါသည်။ ထို့ကြောင့် လူ့ဘ၀ရခဲခြင်းနှင့် သံသရာရှည်လှပုံကို နားလည်သဘောပေါက် ပြီး အခွင့်အရေးရှိတုန်း "၀ိပဿနာ ဘာဝနာ"ကို အားထုတ်သင့်ပေသည်။
 

Email :  Admins@theravada-3p.org
URL   :   www.theravada-3p.org
Tel : 01 - 382 111

   Contact Us 
တိပိဋက ဓမ္မရက္ခိတ ဗိမာန်တော်
အမှတ်(၁၅)၊ ကြားတောရလမ်း၊ဗဟန်းမြို့နယ်
(ရွှေတိဂုံဘုရားရှေဘက်ကြေးသွန်းဘုရားကြီးအနီး) ရန်ကုန်။

 
 

Copyright © 2007 www.theravada-3p.org

Created by CREATiVE Web Studio

blog counter